၂၉နှစ်ပြည့်လား ပိုစ့်၂၀၀မြောက်လား
အပေါ်ကိုမော့ကြည့်လိုက်တော့ ဆောင်းဦးပေါက် လတစ်စင်း ကောင်းကင်မှာ စီးဆင်းနေတယ်။ မဟုတ်သေးဘူး။ အနောက်ကိုလှည့်ကြည့်လိုက်တယ်။ မည်းညစ်ညစ် သမိုင်းကြောင်း အလှည့်အပြောင်းများစွာနဲ့လေ။ ဒါဏ်ရာဆိုတာ ပျောက်ဖို့လွယ်ပေမယ့် အမာရွတ်တွေကတော့ အခုအချိန်ထိ ရှိတုန်း။ တာရာမင်းဝေစကားနဲ့ ပြောရရင်တော့ လောကမာယာဆိုတာ အတီးခံရတဲ့ ဗုံတွေပါပဲ။ အသံမထွက်တာက လွဲလို့ပေါ့။ ရပ်ကွက်ထဲက လူတွေပြောတာတော့ “လူတွေဟာ ကိုယ့်သမိုင်း ကိုယ်ရေးနေကြတာပဲ”တဲ့။ အင်း . . . ကိုယ့်သမိုင်းကိုယ်ရေးရင်း ရာဇ၀င်တွေ ရိုင်းအောင် လုပ်နေတဲ့သူတွေကိုတော့ မုန်းမိတာအမှန်ပဲ။ ထားပါ . . .။ ကံတရားဆိုတာ ပန်ကန်ပြားလို ၀ိုင်းဝိုင်းလေးပါ။ တချိန်သူ့ကံသူ့ဟာသူ အကျိုးပေးလိမ့်မပေါ့။ ပြောရင်းနဲ့ အရှေ့ကို လှမ်းကြည့်မိတယ်။ ၀ိုးတ၀ါး၊ တကယ့်ကို ၀ိုးတ၀ါး။ အင်း မြူနှင်းတွေနဲ့ အုံ့မှိုင်း အရိုးပြိုင်းပြိုင်း ညနေအိုတို့ ဖယ်ကြ။ သွားကြ။ ငါ့လမ်းကို ငါဖောက် ငါ့ဘာသာ ငါ ဆက်လျှောက်မယ်။ မသေချာမှုတွေများတဲ့ ဒီလောကကြီးမှာ သေချာတာတစ်ခုကတော့ မင်းကိုကိုယ်သိပ်ချစ်တယ်လို့ ၁၀တန်းကျောင်းသားဘ၀တုန်းက ပြောခဲ့ဖူးတယ်။ အင်း . . ရယ်တော့ ရယ်ရသား။ အဲဒီသေချာမှုတွေက တော်တော်များခဲ့တာကိုး။ အဖေကတော့ မှာဖူးတယ်။ အသက် သုံးဆယ်မကျော်စေနဲ့တဲ့။ ဖေဖေရေ . . နောက်နှစ်ဆို သုံးဆယ်ပြည့်တော့မယ်။ အဲဒီတော့ သုံးဆယ်လား။ သုံးဆယ့်တစ်လား။ အင်း. . . ဒါမှမဟုတ် မနက်ဖြန်လား၊ သန်ဖက်ခါလား။ သေချာတယ် . . အခုထိတော့ လွတ်လပ်ခြင်းတို့ကို ခုံမင်နေတုန်းပဲလေ။ နောက်ဆုံး အောက်ကို ငုံ့ကြည့်လိုက်တယ်။ ငါ့ခြေထောက်တစ်စုံ . . . ညအိပ်ရာဝင်တိုင်း နဖူးပေါ်လက်တင်ပြီး စဉ်းစားပါ။ သင်ဒီနေ့ ဘာလုပ်ခဲ့သလဲ။ ဘာရခဲ့သလဲ။ ပညာ၊ ပိုက်ဆံ၊ ဒါမှမဟုတ် ကုသိုလ်တစ်ခုခုရခဲ့သလား။ မရခဲ့ရင် မနက်ဖြန် ဘာရအောင် လုပ်မလဲ။ အင်း . . . ငါလိုချင်တာအဲဒီအတွေးတွေ မဟုတ်ဘူး။ ခေါင်းအုံးနဲ့ ခေါင်းနဲ့ ထိလိုက်တာနဲ့ တုံးကနဲ အိပ်ပျော်သွားခြင်းတစ်ခုပဲ ဖြစ်ပေတယ်။ အောက်ကိုထပ်ငုံ့ကြည့်မိတယ်။ ငါ့ ခြေထောက်တစ်စုံက ဂုဏ်ယူ ၀င့်ကြွားစွာနဲ့ . . . ။ ငါရပ်တည်ခြင်း ၂၉နှစ်ပြည့်အတွက်ပေါ့။
ဘလော့ခ်Readerဘ၀ကနေ ဘလော့ခ်လောကကို ရောက်တဲ့အချိန် ဘန်းစကားတွေ လန်းနေခဲ့တယ်။ ဒါမှမဟုတ် ဘာကြောင့် ဘလော့ခ်ရေးဖြစ်လဲ စဉ်းစားတုန်းဘလော့ခ်တွေခေတ်ကို ရောက်ခဲ့တယ်။ နှလုံသားတစ်ခုအလုပ်ပြုတ်သွားတဲ့ အချိန်မှာ သတိုးသီရိ သုဓမ္မရာဇာ အဂ္ဂမဟာသရေစည်သူ အလင်္ကာကျော်စွာ ၀ဏ္ဏကျော်ထင် ဇင်ကိုလတ်ကို သမ္မတအဖြစ်ရွေးကြလိမ့်မယ်။ ကျွန်တော်စားချင်သော အစားအစာများမှာ ပုဇွန်ထုပ်၊ ငါးခူဆီပြန်နဲ့ အသုပ်စုံလား၊ ၂၀မိနစ် ကာလသားချက်လား၊ မြောင်းမြက ဒယ်လေးခေါက်ဆွဲလားဆိုတာကိုမသိခင် စားနေကျဖြစ်တဲ့ ဘလော့ခ်ဂါရဲ့ ညနေစာကိုပဲ စားသုံးခဲ့တယ်။ စုံတွဲလေးသွားကြည့်သင့်တဲ့ ရုပ်ရှင်ပဲဖြစ်ဖြစ်၊ စုံတွဲသွားမကြည့်သင့်တဲ့ ရုပ်ရှင်ဖြစ်ဖြစ် လူသတ်သမချောချောလေးတွေကတော့ မိုက်တာသေချာတယ်။ အခုရေးနေတဲ့ စာဟာ မော်ဒန်ဆိုတဲ့အနုပညာလား။ မဟုတ်သေးဘူး။ ပြောရမှာတော့ ရှက်ပါတယ်။ ဒါပေမယ့် အခုထိ တာဝန်မကျေသေးဘူး။ မဟူရာညရဲ့ စက်နှိုးသံကို နားထောင်ရင်းနောက်ဆုံးတော့ မိုးရာသီမှာ ရူးသွားပြီလေ။နှင်းဝိညာဉ်တစ်စက်ရဲ့ နိဂုံးဟာ အိပ်မက်ပန်းတွေ ပွင့်တဲ့သစ်ပင်မဟုတ်ပေမယ့် မှောင်နေတဲ့အလင်းရောင်ဖြစ်ပေတယ်။ သြော် . . . ကြိုးပြတ်နေတဲ့ဂစ်တာတစ်လက်ကတော့ အခန်းထောင့်တစ်နေရာမှာ ငြိမ်ကုပ် တိမ်တစ်အုပ်လို လွှင့်မျောရမယ့်နေ့တွေကို စောင့်နေလေရဲ့ . . .။


